ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ရွေးချယ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ရွေးချယ်


ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စစ်အစိုးရ၏ နံပါတ် ၃ အဆင့် ခေါင်းဆောင် သူရ ဦးရွှေမန်းအား ရွေးချယ်လိုက်သည်။
shwemann400
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အရွေးချယ်ခံရသော သူရ ဦးရွှေမန်း (ဓာတ်ပုံ - moemaka.wordpress.com)
အများ ယုံကြည် ယူဆသကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ဝင်ကသာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ရရှိသွား ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကြိုတင် တစ်ပြေးနေသည့် သူရ ဦးရွှေမန်း သမ္မတ ဖြစ်မည်ဆိုသော အချက်မှာ ပျက်ပြယ် သွားပြီး သမ္မတရာထူးကို ဝန်ကြီးချုပ် ဦးသိန်းစိန် ရရှိလိမ့်မည်ဟု ယနေ့ ခန့်မှန်း နေကြသည်။

 
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာထူးများကို မဲခွဲ ဆုံးဖြတ်သော်လည်း တက်ရောက် သူများထဲတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ အများစု ဖြစ်နေ သောကြောင့် ကြံ့ဖွံ့ပါတီဝင်များသာ ရရှိခြင်း ဖြစ်သည်ဟု ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များ က ပြောကြသည်။

“တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကလည်း လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေအတွက် တင်သွင်းတာ ရှိပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက အင်အားများ နေတော့ သူတို့ဘက်ကပဲ မဲများသွားတဲ့သဘောပါ” ဟု ပါတီကိုယ်စားလှယ် တဦးက ဆိုသည်။

ယနေ့ သဘာပတိအဖြစ် ဆောင်ရွက်သည့် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပါတီစွဲ မထားကြရန်၊ ပုဂ္ဂိုလ်စွဲ မထားကြရန်နှင့် ပါတီအချင်းချင်း ဝေဖန် တိုက်ခိုက်မှုများ မပြုလုပ်ရန် မှာကြားသည်ဟု လွှတ်တော် တက်ရောက်ခဲ့သော ကိုယ်စားလှယ်များက ပြောသည်။

ဒုတိယ သမ္မတ ၃ ဦးကို မနက်ဖြန် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်မည်ဖြစ်ပြီး တပတ်အတွင်း အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း သိရသည်။

ပါတီ ကိုယ်စားလှယ် တဦးက မနက်ဖြန်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင်လည်း ယနေ့ မဲခွဲ သည့်ပုံစံအတိုင်း ဒုတိယ သမ္မတများကို ရွေးချယ်မည် ဖြစ်သောကြောင့် အင်အားကြီးမားနေသည့် ကြံ့ဖွံ့ ပါတီဝင်များထဲကသာ ဒုတိယ သမ္မတများ ဖြစ်ခွင့်ရှိမည်ဟု ယူဆကြောင်း ပြောသည်။

တိုင်းရင်းသားပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများ အနေနှင့် ယနေ့ စတင်ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်များကို ထိုင်နားထောင်ရုံသာရှိသောကြောင့် စိတ်ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။

“ဒီနေ့ လွှတ်တော်ကြီးကတော့ ဘာမှ ပျော်စရာမကောင်းတဲ့၊ ထူးခြားမှုမရှိတဲ့ သာမန် အစည်းအဝေး တခုပါပဲ” ဟု လွှတ်တော်သို့ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စား လှယ် ဦးခိုင်မောင်ရီက ပြောပြသည်။

ဆက်လက်၍ ၎င်းက ခန့်မှန်းထားပြီးဖြစ်သော လုပ်ထုံးလုပ်နည်းများ အတိုင်းသာ ကျင်းပသွားသည့် အစည်းအဝေး တရပ်သာဖြစ်သည်ဟု ဆိုသည်။

ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ စတင် ကျင်းပသော လွှတ်တော် အစည်း အဝေးသည် ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။

မနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို သီးသန့် ခွဲခြားကာ ကျင်းပသော်လည်း နေ့လယ် ထမင်းစားပြီးချိန်တွင် ၎င်းလွှတ်တော် ၂ ရပ်ကိုပေါင်း၍ ပြည်ထောင်စု လွှတ်တော်ဟု အမည်တပ်ကာ ကျင်းပခဲ့ကြောင်း၊ အဆိုပါ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိအဖြစ် တာဝန်ယူသည် ဟူ၍ လည်းကောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အများစုနှင့်တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်တို့သည် ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြရာ၌ တပ်မတော်သား ကိုယ်စားလှယ်များက ၎င်းတို့သက်ဆိုင်ရာ ယူနီဖောင်းများဖြင့် တက်ရောက်ကြသည်။

တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ ကိုယ်စားလှယ်များက တခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒီမို ကရက်တစ် အင်အားစုများအား စကားပြောဆိုခြင်း၊ ရင်းနှီးနွေးထွေးခြင်း မရှိဟု ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုအရ သူရ ဦးရွှေမန်းအပါအဝင် စစ်အစိုးရခေါင်းဆောင်များ၊ ဝန်ကြီးများက နေ့လယ်စာကို သီးသန့် စားသောက်သည်ဟု သိရသည်။

ယနေ့တွင် ကိုယ်စားလှယ်များအား စိစစ်ခြင်း၊ အစည်းအဝေး သဘာပတိ ရွေးချယ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ ပြည်သူ့ လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ်ခြင်း၊ ရွေးချယ်ခံလိုက်ရသော လွှတ်တော် ဥက္ကဋ္ဌများက သဘာပတိထံမှ တာဝန်များ လွှဲပြောင်းယူပြီး နောက်တနေ့ အစီအစဉ်များကို လွှတ်တော် ဥက္ကဋ္ဌများက ချမှတ် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို တက်ရောက်ခွင့် မပြုသော်လည်း သတင်းထောက် အများစုမှာ နေပြည်တော်တွင် ရောက်ရှိနေကြသည်။

နေပြည်တော်တခွင်တွင် လုံခြုံရေး အထူးတိုးမြှင့်ထားပြီး လွှတ်တော် အဆောက်အအုံသို့ သွားရာ ကားလမ်းမကြီးကို မည်သူမျှ ဖြတ်သန်းခွင့် မပြုတော့ကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။

ရန်ကုန်ရှိ ပြည်သူလူထုမှာ နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးကို စိတ်ဝင် စားခြင်း မရှိကြကြောင်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာ တဦးက ပြောသည်။

“ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ရွေးကောက်ပွဲတုန်းက အလိမ်ခံထားရတော့ လူတွေက အခု လွှတ်တော် ကလည်း ဘာမှ ထူးမှာ မဟုတ်ဘူးဆိုပြီးပဲ ပြောနေကြတယ်” ဟု သူက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတအဖြစ် တာဝန်ယူ သွားမည် ဟု နေပြည်တော်စစ်တပ် အသိုင်းအ၀န်းနှင့် အစိုးရ၀န်ထမ်းအသိုင်းအဝန်းက ထင်မြင် ယူဆခဲ့ကြသည်။
(ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြထားခြင်း)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection